ကွန်ပြူတာမှာ စပိန်စာ ရိုက်တဲ့အခါ အပေါ်က အသတ်လိုပါတဲ့ တစ်ချို့ အက္ခရာတွေအတွက် တော်တော် တိုင်ပတ်ပါတယ်။ အဲဒီစကားလုံးတွေကို Character Map ကနေ ထည့်ပေးနေရတာ အလုပ်တစ်ခုလို ဖြစ်နေတော့ စိတ်မရှည်ချင်လှဘူး။ ကိုယ်ဖြစ်စေချင်တာက ဖုန်းတွေမှာလို Long Press အက္ခရာတစ်ခုကို ခပ်ကြာကြာလေး ဖိထားလိုက်တာနဲ့ နောက်ထပ် ရွေးချယ်စရာတွေ ပေါ်လာတာမျိုး။
ဒါနဲ့ android keyboard like , long press feature in normal keyboard ဘာညာ ဆိုပြီး ရူးကြောင်ကြောင် Keyword တွေနဲ့ ရှာကြည့်သေးတာ။
ဒီကြားထဲ on-screen keyboard နဲ့ စမ်းကြည့်တော့ Long Press ရတာ တွေ့လို့ သူ့ကိုပုံမှန် ကီးဘုတ်နဲ့ ဘယ်လိုချိတ်သုံးလို့ ရမလဲ စဉ်းစားကြည့်မိသေး။
ဒီလိုနဲ့ ရှာရင်းဖွေရင်း keyword အမှန်တွေ စတွေ့လာတယ်။ international character selection စသည်ကနေ နောက်ဆုံး accented character ဆိုတာ တွေ့သွားတယ်။ အဲဒီကမှ Compose Key ဆိုတာကို သွားတွေ့တာပဲ။
သူက ကီးဘုတ်မှာ Compose Key ဆိုပြီး ခလုပ်တစ်ခုကို သတ်မှတ်ပေးထားရတယ်။ အဲခလုပ်ရဲ့ အလုပ်က မြန်မာစာရိုက်တဲ့အခါ ပါဉ်ဆင့်တွေ ထပ်ဖို့အတွက် ~ (Tilde Key) ကို သုံးရသလိုပါပဲ။
ဆိုကြပါစို့ - é ဆိုတဲ့ အက္ခရာကို ရိုက်ဖို့အတွက် Compose Key + ' + e လို့ ရိုက်ရတယ်။
ဆိုတော့ Ubuntu မှာ Compose Key က Disabled အနေနဲ့ လာတာမို့ System Settings > Keyboard > Typing ထဲက Compose Key မှာ Disabled ကို ဖြုတ်ပြီး Key တစ်ခုခုကို သတ်မှတ်ပေးလိုက်ရုံပါပဲ။ ကိုယ်ကတော့ Right Alt (Alt Gr) Key ကို သုံးတယ်။
ဒါဆိုရင်တော့
el niño
Perdón
Sí
စသည် ရိုက်လို့ရပြီပေါ့။
အဲလို အသတ်ပါတဲ့အက္ခရာတွေကို Character Map မှာ ရှာသုံးတဲ့အခါ သူ့ရဲ့ ကုတ်နံပါတ်တွေ တွေ့တာမို့ Windows မှာ ဝင်းရိုက်သလိုမျိုး Alt ခံရိုက်ကြည့်တာ မရပါဘူး။ တကယ်တော့ ရိုက်နည်းမမှန်တာပါ။ ကုတ်ပွိုင့်နံပါတ်တွေကို သုံးပြီးရိုက်ချင်ရင် Ctl + Shift + u အရင်နှိပ် ပြီးရင် ကုတ်ပွိုင့်တွေ နှိပ်ပြီး Enter ခေါက်ပေးရတာပါ။
ဥပမာ - Ȕ ဆိုတာကို ရိုက်ဖို့ Ctl + Shift + u > 214 > Enter လို့ရိုက်ရပါတယ်။

Comments
Post a Comment