သည်ညတော့ အမ်ပီတီက သဘောကောင်းနေရော့ထင်။ ကွန်နက်ရှင်က ၂၀၀ နားကပ်ပြီး ငြိမ်နေလွန်းလှချည့်။ ဒါနဲ့ပဲ လုပ်လက်စအလုပ်တွေ ပစ်ထားပြီး ဝဘ်အကြောင်း အသစ်ထွက် အီးဘွတ်ခ် ဆယ်အုပ်လောက်နှင့် စပိုက်ဒါမင်း အဟောင်းသုံးကားပေါင်း တိုးရန့်တစ်ခု ထိုင်ဆွဲနေလိုက်သည်။
အင်း တစ်ခါတစ်လေတော့လည်း ကွန်နက်ရှင်ကလေးက ဒီလိုလေး ဖြစ်နေဦးမှ။ နို့မို့ဆို မြန်မာပြည်တွင် လုပ်စားနေသော ဝဘ်သမားအဖို့ "ကွန်နက်ရှင်စိတ္တဇ"ကား မတွေးဝံ့စရာ။
"ကွန်နက်ရှင်စိတ္တဇ"
ဖုန်းနှင့် အင်တာနက်ချိတ်သုံးရာ၌ ကွန်နက်ရှင် မကောင်းလျှင် နှစ်မိနစ်တစ်ခါ ယူအက်စ်ဘီခေါင်းကို ကိုင်ကိုင်ကြည့်၏။ လျော့တိလျော့ရဲဖြစ်နေသည်ဟု ထင်လျှင် ခပ်ကျပ်ကျပ်လေးဖြစ်အောင် ဖိဖိထိုး၏။ သို့မှသာ ကွန်နက်ရှင်များ မလျော့မည် အမှန်။
အင်တာနက်သည် ဖုန်းမှတဆင့် ကွန်ပြူတာအတွင်းသို့ ဝင်ရောက်လာသည်ဖြစ်ရာ ဖုန်းအတွင်းရှိ အပလီကေးရှင်းတစ်ခုခုက ကိုယ်ယောင်ဖျောက်၍ နောက်ကွယ်ကထိုင်ဖြုန်းနေလျှင် အကျိုးမရှိ ဖြစ်မည်ကို တွေးမိရကား ဖုန်းတွင် မလိုလားအပ်သော အပလီကေးရှင်းများ ပွင့်မနေစေရန် ငါးမိနစ်တစ်ခါမျှ Clean Master ဖြင့် Cache ရှင်း၊ Junk File ရှင်း၏။
အလွန်အမင်းဆိုးရွားစွာ လိုင်းကျနေပါလျှင် ဖုန်းနှင့် ကွန်ပြူတာနှစ်ခုစလုံးကို Restart ချ၏။ ကွန်ပြူတာ၌လည်း CCleaner, BleachBit အစရှိသည်တို့ဖြင့် မလိုအပ်ဟုထင်သည်များကို ရှင်း၏။
ကွန်ပြူတာ၌ ယူအက်စ်ဘီပေါက်သုံးခုပါသည် ဖြစ်ရကား အင်တာနက်ကျနေချိန်၌ ၎င်းတို့မှာ အလှည့်ကျ အသုံးတော်ခံရလေသည်။
နာမည်ကြီး ဘရန်ဒက် ဖုန်းအမျိုးအစားပင် ဖြစ်စေကာမူ အချိန်ကြာမြင့်စွာ အင်တာနက် ဆက်တိုက်ဖွင့်ထားလျှင် ပူသည်ပင် အမှန်ဖြစ်ရကား ယင်းတို့အား အခါအားလျော်စွာ နောက်ဖုံးဖွင့်ထားလေ၏။ တစ်ခါတစ်ရံ လူကို ခြင်ယပ်ရင်း ယင်းကိုပင် ငါးမိနစ်တန်သည် ဆယ်မိနစ်တန်သည် ယပ်ခတ်ပေးနေရ၏။
သို့သော် သည်လူကား ကွန်နက်ရှင်ကောင်းရန် အမွှေးတိုင်ထွန်းလျှင် ရမည်ဆိုပါက အညာတစ်ခွင် မန်ကျည်းမှန်သမျှကုန်အောင်ပင် ထွန်းပေမည့် အာဂလူပေတကား။ ။
Yangonese!
5:23 am (10.6.2014)

တဖန် ဖုန်းကွန်နက်ရှင်သည် ဖုန်းလိုင်းကောင်းမွန်စွာ မိသောနေရာ၌ ပို၍အလုပ်ဖြစ်သည် အမှန်ဖြစ်ရကား တစ်အိမ်လုံး ဖုန်းလိုင်းအကောင်းဆုံး ဆုံးမိသောနေရာ၌ ထိုင်၍သုံးတတ်သည်မှာ တစ်ခါတစ်ရံ၌ ဖိနပ်ချွတ်နှင့် အိမ်သာသည်ပင် မဟာစည်းစိမ်တော်ကြီး ဖြစ်ပေတော့၏။
သို့သော် သည်လူကား ကွန်နက်ရှင်ကောင်းရန် အမွှေးတိုင်ထွန်းလျှင် ရမည်ဆိုပါက အညာတစ်ခွင် မန်ကျည်းမှန်သမျှကုန်အောင်ပင် ထွန်းပေမည့် အာဂလူပေတကား။ ။
Yangonese!
5:23 am (10.6.2014)
Comments
Post a Comment