Skip to main content

စိတ်ကူးယဉ် အိပ်မက်ကမ္ဘာငယ် အတူ သွားကြစို့လား

မနေ့ညက မနက် ၂ နာရီလောက်ကစပြီး လုံးဝကို ဆက်အိပ်လို့မရတာနဲ့ တောင်တောင်အီအီ စာထိုင်ဖတ်နေဖြစ်တယ်။ အဲဒီမှာ တိုက်တိုက်ဆိုင်ဆိုင် ကိုယ်ဖတ်ဖြစ်တာက Offline Wiki ထဲက လကမ္ဘာခရီးစဉ်အကြောင်းတွေ။ အဲ မနက်ခင်းရောက်တော့မှ အိပ်ပျော်သွားပြီး ညနေပိုင်း ပြန်နိုးလာတော့ မုခပုတ္တက တစ်ခွင်လုံး လကမ္ဘာဆိုတာချည်း ဖြစ်နေပါရောလား။

ဒါနဲ့ပဲ ဒီနေ့တော့ မနက်ခင်း ကျီးမနိုးခင် စိတ်ကြည်ကြည်လင်လင် နိုးလာခိုက်မှာ မနေ့က ဖတ်ထားမိတာလေးတွေကို မှတ်မိသလောက် လက်တန်း ပြန်ချရေးကြည့်မိတယ်။

"စိတ်ကူးယဉ် အိပ်မက်ကမ္ဘာငယ် အတူ သွားကြစို့လား"

သွားလေသူ သမ္မတ ကနေဒီက ၁၉၆၁ လောက်မှာ “ဒီဆယ်စုနှစ် မကုန်ခင် လကမ္ဘာပေါ် လူသားတွေ ခြေချနိုင်ရမယ်” ဆိုပြီး စပ်ဆော့ခဲ့တာကစလို့ အပိုလို ခရီးစဉ်တွေ သန္ဓေတည်ခဲ့တာပဲ။ အပိုလို ခရီးစဉ်တွေထဲမှာဆို အရေးအပါဆုံးက အပိုလို ၈ နဲ့ အပိုလို ၁၁။

အပိုလို ၈ ဆိုတာက ပထမဆုံး ကမ္ဘာ့ဆွဲအားထဲက ထွက်၊ လကမ္ဘာပတ်လမ်းထဲကို ရောက်အောင်သွားပြီး အကြိမ် ၂၀ လောက် ပတ်လိုက်နိုင်တာလေ။ သူ့ခရီးစဉ်ရဲ့ တံဆိပ်ကိုက ရှေ့မှာ ကမ္ဘာလုံး နောက်မှာက လကို အင်္ဂလိပ်အက္ခရာ ၈ ပုံစံနဲ့ တွဲထားတာ။ သဘောက လကမ္ဘာကို ပတ်ပြီး ကမ္ဘာကို ပြန်လာမယ်ဆိုတဲ့သဘော။

အပိုလို ၈ နဲ့ အပိုလို ၁၁ ခရီးစဉ်တွေမှာ အာကာသယာဉ်မှူး သုံးဦးစီပဲပါတယ်။ Commander ရယ်၊ Command Moudle Pilot (CMP) (မိန်းအာကာသယာဉ်ကို မောင်းတဲ့သူ) ရယ်၊ Lunar Module Pilot (LMP) ရယ်။

အပိုလို ၈ မှာတုန်းက မူလစီစဉ်ထားတဲ့ CMP (ကောလင်း) က သွားခါနီးမှာ ခွဲစိတ်ကုသစရာ ပေါ်လာလို့ Back up Team ထဲက တစ်ယောက်ကို ခေါ်သွားရတယ်။ အဲ့ကောလင်းပဲ အပိုလို ၁၁ မှာ CMP အနေနဲ့ ပြန်ပါလာတယ်။ ဒါပေမယ့် ဒီကောင် ကံမကောင်းဘူး။ CMP ဆိုတော့ အန်းစထရောင်းနဲ့ နောက်တစ်ယောက် (အယ်ဒရင် ထင်တာပဲ) က လဆင်းယာဉ်နဲ့ လပေါ်ဆင်းတဲ့အချိန်မှာ သူက မိန်းယာဉ်မောင်းပြီး ဂြိုဟ်ပတ်လမ်းထဲက စောင့်နေရတယ်။

အပိုလို ၈ အနေနဲ့ ထူးခြားတာဆိုလို့ အာကာသယာဉ်မှူးတွေ သုံးရက်လောက် အိပ်ရေးတွေပျက်ပြီး ပလပ်ကျွတ်ကုန်လို့ နှစ်ယောက်ကို ကွန်မန်း (မြေပြင်အခြေစိုက်စခန်း) က နာရီအတန်ကြာ အိပ်ခိုင်းခဲ့တာရယ်၊ အဲလို အိပ်ခိုင်းခဲ့လို့ပဲ လကမ္ဘာက အပြန်ခရီးမှာ ရိုက်ခဲ့တဲ့ Earthrise ဆိုတဲ့ ကမ္ဘာရဲ့ ဂြိုဟ်လုံးပြည့် (သိပ်အပြည့်ကြီး မြင်ရတာတော့ မဟုတ်ပါဘူး) ပထမဆုံးပုံ (အဖြူအမည်း) ကို သူရိုက်တယ် ငါရိုက်တယ်ဆိုပြီး အငြင်းတွေ ပွားကုန်ကြ။

Earthrise
Photo Courtesy by NASA http://www.nasa.gov

အပိုလို ၁၁ ခရီးစဉ်ကိုတော့ ၁၉၆၉ မှာ ကနေဒီ အာကာသ စင်တာကနေ ဒေသစံတော်ချိန် မနက် ၉ နာရီ ၃၂ မှာ လွတ်လိုက်ကြတယ်။ သုံးရက်လောက်ကြာတဲ့အခါ လနားရောက်သွားတယ်။ ကြားထဲမှာ အဆင့်ဆင့် ဘန်း (burn) လုပ်တာ၊ လကမ္ဘာကို ချဉ်းကပ်မယ့် ခရီးအတွက် စီမံခန့်ခွဲထားတာကတင် တော်တော် စိတ်ဝင်စားစရာပဲ။

ဟိုရောက်တော့ စောစောက ပြောခဲ့သလို တစ်ယောက်က ယာဉ်စောင့်ကျန်ခဲ့ပြီး နှစ်ယောက်က ဆင်းတယ်။ အဲဒီမှာ ကြိုတင်သတ်မှတ်ထားတဲ့ ဆင်းရမယ့်နေရာက နည်းနည်းကွိုင်လို့ဆိုလား ယာဉ်မှူးတွေ တိုင်ပတ်လိုက်ကြတာ နောက်ဆုံး လပေါ်လည်း ရောက်ရော လဆင်းယာဉ်က လောင်စာ ၂၅ စက္ကန့်စာပဲ ကျန်တော့တယ်။ နောက်ပြီး ပရိုဂရမ်တွေကလည်း လကမ္ဘာရဲ့ အခြေအနေ တစ်ချို့နဲ့ ငြိပြီး အလန်းတွေ အလက်တွေ ထထမြည်နေသေးတယ်။ ကွန်မန်းက အင်ဂျင်နီယာက ရတယ်၊ ဆက်ဆင်း၊ ဘာမှမဖြစ်ဘူးဆိုတာနဲ့ ဆင်းလိုက်ကြတာ။ (အဲဒီပြဿနာတွေကို နောက်ပိုင်းခရီးစဉ်တွေမှာ ပြင်ဆင်နိုင်ခဲ့ပါတယ်)

ဒီလိုနဲ့ ယာဉ်မှူးတွေလည်း စက်သပ်ပြီး လဆင်းယာဉ် အခြေအနေကို စစ်ဆေး။ အားလုံးကောင်းပါသည် ဆိုတော့မှ လပေါ် ခြေချဖို့ လုပ်ကြရတော့တယ်။

ဒါနဲ့ပဲ အပိုလို ၁၁ ရဲ့ကွန်မန်ဒါ နေးလ် အမ်းစထရောင်းက လဆင်းယာဉ်ပေါ်ကနေ လှေကားနဲ့ လပေါ်ကိုဆင်းပါတော့တယ်။ နောက်တစ်ယောက်က တစ်နာရီလောက်နေမှ နောက်က လိုက်ဆင်းတယ် ဆိုတယ်။

(တစ်ခါဖတ်ဖူးတာတော့ အမ်းစထရောင်းက လကမ္ဘာပေါ် အရင်ဆင်းရမယ့်လူ မဟုတ်ဘဲ ဆင်းတယ် ဆိုလားပဲ။ ဒါပေသိ ခုဖတ်ကြည့်တော့ သူက ကွန်မန်ဒါပေပဲ။ ဒါကြောင့် အရင်ဆင်းရတာလည်း ဖြစ်နိုင်တာပဲ။)

အဲ့မှာ သူ့နာမည်ကျော်စကား “’ဒါဟာ လူတစ်ယောက်ရဲ့ သေးငယ်တဲ့ ခြေတစ်လှမ်းဖြစ်ပေမယ့် လူသားမျိုးနွယ်တစ်ခုလုံးအတွက်တော့ ကြီးမားတဲ့ … “ ဆိုတာ စပြောတာပဲ။

အမ်းစထရောင်း လကမ္ဘာပေါ်ကို ဆင်း၊ ခြေချနေတာကို လဆင်းယာဉ်ရဲ့ ဘေးကင်မရာကနေ မှတ်တမ်းတင်နိုင်ခဲ့လို့ ခု ယူကျုပေါ်မှာ ကြည့်လို့ရနေတာပဲ။ ဒါပေသိ အဲ့မူရင်းဖိုင်တွေက ပျောက်နေတယ် ပြောတယ်။

အဲ လဆင်းယာဉ်ပေါ်ကနေ လှေကားနဲ့ လပေါ်ဆင်းရာမှာ အာကာသဝတ်စုံကြောင့် ချောက်ပေါက်ကျသေးတယ် ဆိုတယ်။ ဝတ်စုံရဲ့ ဒီဇိုင်းအရ အာကာသယာဉ်မှူးဟာ သူ့ခြေထောက်ကို သူပြန်ကြည့်ဖို့ တော်တော်ခက်နေတယ် ဆိုလားပဲ။ ဒါလည်း နောက်ခရီးစဉ်တွေမှာ ပြုပြင်လိုက်ပါတယ်။

ဒီလိုနဲ့ အမ်းစထရောင်းလည်း လပေါ်ရောက်၊ နောက်တစ်ယောက်လည်း လပေါ်ရောက်။ ဟိုလျှောက်သွားကြည့် ဒီလျှောက်သွားကြည့်။ လကမ္ဘာပေါ်က မြေတွေဟာ သဲဆန်ပြီး မည်းနေတယ် ဘာညာ သတင်းပို့။ (Transformers 3 ထဲမှာပါသလို Dark side of the moon မှာ ဘာတွေ့တယ် ညာတွေ့တယ်တော့ ပါဘူးဗျ။ ဒီကောင်တွေ ဖုံးထားတုန်းပဲ) ကမ္ဘာကို ပြန်သယ်လာဖို့ မြေနမူနာတွေတူး။ အောင်မယ် သူတို့မှာ တူတစ်လက်လည်း ပါလာသေးတယ်ဆိုပဲ။

နောက် အမေရိကန်အလံလွှင့်။ ဓာတ်ပုံတွေ ရိုက်ကြ။ LMP ရဲ့ ခြေရာကိုတောင် ဓာတ်ပုံရိုက်ထားလိုက်သေးတာ။ သူတို့လည်း ကိုယ်တွေလို ခရီးသွားရင် ရိုက်သလို နေမှာ။ (တကယ်က အဲဒါ စမ်းသပ်မှုတစ်ခုပါ။ ဒါပေမယ့် အဲ့အချိန်က သူတို့မှာ Facebook လို ပုံပြန်တင်စရာ မရှိတာကတော့ နာတာပဲ။ ဒါတောင် ဟိုတစ်နှစ်က အာကာသယာဉ်မှူးတစ်ယောက်က အာကာသထဲကနေ တွိတယ်ဆိုလား ဖတ်လိုက်ရသေးတယ်)

ဒါနဲ့ LMP ဆိုတဲ့တစ်ယောက်က လကမ္ဘာပေါ်မှာ Velocity test လုပ်တယ်ဆိုပြီး သားပိုက်ကောင်လို ခုန်ဆွခုန်ဆွ သွားကြည့်သေးတာတဲ့။

သူတို့တွေ လကမ္ဘာပေါ်မှာ ၂ နာရီကျော် ကြာတယ်ဆိုလားပဲ။ အဲနောက့် ပြန်ဖို့ လုပ်ကြတာပေါ့။ သြော် မပြန်ခင် အဲမှာရှိနေတုန်း သမ္မတနစ်ဆင်နဲ့ ဖုန်းတိုက်ရိုက် ပြောကြသေးတာ။ သမ္မတကတော့ ဟ ငါ့ကောင်တွေ လကမ္ဘာပေါ် ရောက်နေပဟဆိုပြီး ကျကျနန မိန့်ခွန်းခြွေဖို့ ရေလည် ရှယ်ပြင်ထားတာပဲ။ ဒါပေမယ့် အိမ်ဖြူတော်မှာရှိတဲ့ နာဆာက ပုဂ္ဂိုလ်က ဟေ့လူ၊ လိုင်းက မြန်မာပြည်ကလိုပဲ။ သိပ်ကောင်းတာမဟုတ်ဘူး။ သိပ်မဖောနဲ့ ဆိုလို့ တိုတိုတုတ်တုတ်ပဲ ပြောလိုက်ရသတဲ့။

ဒီလိုနဲ့ ဇာတ်လမ်းဆက်ရရင် အာကာသယာဉ်မှူးတွေက လပေါ်ကနေ ပြန်တက်ဖို့ လုပ်တော့ဟိုကနေ မြေကြီးတွေ၊ ကျောက်ခဲတွေ ကီလို ၄၀ ကျော် သယ်လာတာမို့လားတော့ မသိ ယာဉ်က လေးနေသတဲ့။ ဒါနဲ့ပဲ လကမ္ဘာကနေကို ပြန်တက်ဖို့ ယာဉ်ကို ဝိတ်လျှော့ယူရသတဲ့။ အဲ့မှာတင် သမိုင်းဝင် လဆင်းယာဉ်ကနေ အမ်းစထရောင်း ဆင်းခဲ့တဲ့ လှေကားလည်း ပစ်ထားခဲ့ရတာပဲ။ ဒါကြောင့် အမေရိကန်တွေက လပေါ်မှာ ပထမဆုံး အမှိုက်ပစ်တဲ့ကောင်တွေလို့ သမိုင်းဝင်သွားတာပေါ့။

အော် မေ့လို့။ ဒီကောင်တွေ လပေါ်ထားခဲ့တဲ့အထဲမှာ “ကျွန်ုပ်တို့သည် ဘဒ္ဒကမ္ဘာကနေ ငြိမ်းချမ်းစွာ လာရောက်ခဲ့ကြသူများ ဖြစ်၏ “ ဘာညာရေးထားတဲ့ အထိမ်းအမှတ်တစ်ခုလည်း ပါသေးတယ်။

အဲဒီနောက် အရာအားလုံးကို ကြိုတင်ဇာတ်တိုက် စီစဉ်ထားတဲ့အတိုင်း ဆက်လုပ်လိုက်ကြတာ ကမ္ဘာကနေထွက်ပြီး ၈ ရက်ကျော်အကြာမှာ အာကာသယာဉ်မှူးတွေအားလုံး ဘေးကင်းစွာနဲ့ အိမ်ပြန်ရောက်လာခဲ့တယ်။ ဒါတောင် သကောင့်သားတွေက အပြန်လမ်းခရီး သတင်းပို့ရာမှာ အပြောင်အပျက် နည်းနည်း လုပ်လိုက်လို့ ကွန်မန်းစင်တာတောင် ဂေါက်တောက်တောက် ဖြစ်သွားရသေးတယ် ဆိုပဲ။

အဲဒါကြောင့်ဖြစ်မယ်။ သူတို့လည်း ကမ္ဘာမြေပြန်ရောက်ရော ချက်ချင်း အခန်းတစ်ခုထဲ ပစ်ထည့်ထားပြီး လေးဆယ့်ငါးရက်လောက် ချုပ်ထားလိုက်တာပဲ။ (အမှန်က သူတို့က လကမ္ဘာက ပြန်လာတာဆိုတော့ မလိုလားအပ်တဲ့ ရောဂါပိုးမွှား၊ ရေဒီယိုသတ္တုကြွဓာတ် စသည် ကပ်ညိ ပါလာသလား စစ်ရအောင်ပါ။)

နောက်ဆုံး ၄၅ ရက်အကြာ အားလုံးအိုကေတယ်ဆိုတော့မှသာ သူတို့လည်း အမေရိကန်မြို့ကြီးတွေဆီ ပတ်ပြီး အောင်ပွဲခံနိုင်တော့ပါသတဲ့။

အော် ဒီခရီးစဉ်မှာ မှတ်တမ်းဝင်သွားသေးတာက အာကာသထဲမှာ နေထိုင်မကောင်းဖြစ်တဲ့ကိစ္စပဲ။ တောမှာ ပြောသလိုဆို အာကာသတောက်တာ နေမှာ။ သူတို့ကတော့ Space sick ဆိုလား ခေါ်ကြတာပဲ။ အမ်စထရောင်း ကိုယ်တိုင်လား၊ သူတို့ထဲက တစ်ယောက်လားမသိ အဲလိုဖြစ်သွားသေးလို့ ပါရာစီတမော ငါးရာမီလီဂရမ် သောက်လိုက်သေးတယ် ဆိုတယ်။ အဲဒီပြဿနာက နောက်ပိုင်း အာကာသယာဉ်မှူးတွေမှာလည်း ဖြစ်ကြတယ်ဆိုတယ်။

ကျန်တာကတော့ ဘာသာရေးနဲ့ ပတ်သက်ပြီး နည်းနည်းရှိတယ်။ ကိုယ်လည်း စိတ်မဝင်စားလို့ သေချာ ဖတ်မကြည့်လိုက်ပါဘူး။

ဟုတ်ကဲ့ ဒါကတော့ ဝီကီပီးဒီးယား ဖော် စကူးလ် ၂၀၀၈ ဗားရှင်းကနေ ဖတ်မိသမျှကို မှတ်မိသလောက် လက်တန်းချရေးထားတာပါ။ အတည်ရေးမလို့ ပြင်ရာကနေ အလိုလို အရွှန်းဖောက်သွားမိပေမယ့် အချက်အလက်အများစုကတော့ ဖတ်မိတဲ့အတိုင်းပါပဲ။ ဒီစာကိုရေးနေတုန်း စိတ်ထဲတော့ ညီမငယ်တစ်ယောက်ရဲ့ ဖုန်း ring tune ကလို “စိတ်ကူးယဉ် အိပ်မက် ကမ္ဘာငယ် အတူ သွားကြစို့လား … မိုးကုတ်စက်ဝိုင်းရဲ့ အပြင်ဘက် အဝေးဆုံးတစ်နေရာ” ဆိုတာလေး ညည်းမိနေသပေါ့။

Yangonese!
6:30 am (11.6.2014)

Comments

Popular posts from this blog

လက်ပစ်ဘော

ဒီနေ့ည MRTV-4 ကလာတဲ့ လန်ဒန်အိုလံပစ် တိုက်ရိုက် ထုတ်လွှင့်မှု အစီအစဉ်တွေကို ကြည့်တော့ မြန်မာ့ အားကစားလောကမှာ နည်းနည်း စိမ်းနေဦးမယ့် အားကစားနည်း တစ်မျိုးကို တွေ့တယ်။  သူရဲ့ ကစားပုံ ကစားနည်းကို အစွဲပြုပြီး နာမည်ပေးရရင်တော့ “လက်ပစ်ဘော”လို့ ခေါ်ရမှာပါပဲ။ Handball London 2012 Olympic Photo Courtesy by london2012.com ရုံတွင်း အားကစားနည်း တစ်မျိုးဖြစ်ပြီး ကွင်းက ဖူဆယ်ကွင်းနဲ့ ဆင်ပါတယ်။ တစ်သင်းကို ဂိုးသမား အပါအဝင် တစ်ဖက် ခုနစ်ယောက် ဆော့ရပါတယ်။ ကစားပုံကစားနည်းကတော့ ခြင်းလုံးသာသာ လောက်ရှိတဲ့ (သားရေ) ဘောလုံးလေးကို ကစားသမားတွေက လက်နဲ့ အပေးအယူလုပ်ပြီး တစ်ဖက်အသင်း ဂိုးပေါက်ထဲကို (ပစ်ထည့်) ဂိုးသွင်းဖို့ ကြိုးစားရတာပါ။ လက်နဲ့ အပေးအယူ လုပ်တယ်ဆိုပေမဲ့ ဘတ်စကတ်ဘော နဲ့လည်း မတူပါဘူး။ တစ်ချက်ထောက် ပုတ်တာလောက်က လွဲရင် ကျန်တာက ဟိုပစ်လိုက် ဒီပစ်လိုက် ပေးနေရတာပါ။ ပြီးတော့ တစ်ဖက်အသင်းက တိုက်စစ်ဆင်လာတဲ့အခါ ကိုယ့်အသင်းဘက်ခြမ်း ခံစစ်ဇုန်ထဲကနေပဲ ခုခံကာကွယ်ခွင့် ရှိပုံ ရပါတယ်။ (ခံစစ်ဇုန်ကနေ ရှေ့ထွက်ပြီး လူကပ်တာမျိုး၊ လုတာမျိုး မတွေ့ရလို့ပါ။ အဲ … အတွင်းထဲ ဝင်လာရင်တော့ ဝိုင်း အမဲဖျက်ကြတာပေါ့) အသင်းရဲ့ ခ...

What the Plus!: Google+ for the Rest of Us

Download Link :  https://ssl.gstatic.com/s2/oz/content/WhatThePlus.pdf  

Infographic: Joomla CMS Development Strategy

"အကြံကုန် ရန်ကုန် ဆားချက်" တော့ မဟုတ်ရပါဘူးဗျာ။ ဒီပုံဟာ ဟောင်းပေမဲ့ ကောင်းနေသေးတဲ့ သတင်းတန်ဖိုးလေး ရှိသေးတယ်။ Image Credit : http://magazine.joomla.org/issues/Issue-Aug-2011/item/538-Infographic-Joomla-CMS-Development-Strategy