လူတစ်ချို့ ရှိသည်။ သူတို့က သူတစ်ပါး စကားကြော ရှည်သည်ကို မကြိုက်။ လိုရင်းတိုရှင်း တိုတိုပြတ်ပြတ် နားထောင်ရန် လိုလားသည်။
ကျွန်တော်ကလည်း ကျွန်တော်။ ကိုယ်ပြောပြနေသည့် အကြောင်းအရာကို တစ်ဖက်လူက လုံးစေ့ပတ်စေ့ နားလည်သွားစေချင်သည်။ ထို့ကြောင့် အကြောင်းကိစ္စတစ်ခုတွင် မပြောလျှင်လည်း အရှင်း။ ပြောလျှင်လည်း ဥပမာဥပမေယျများဖြင့် သိုင်းဝိုင်း ဖွဲ့ဆို ရှင်းလင်းပြောဆိုနိုင်ဖို့ အားထုတ်သည်။
ထို့အတူ ကိုယ့်ဗီဇကိုကလည်း စကားပြောလျှင် သိုင်းဝိုင်း ဖွဲ့ဆိုပြောတတ်ခြင်း ဖြစ်သည်။ အနိမ့်အမြင့် ရသမပါသော စကားမျိုးကို သိပ်ခံတွင်း မတွေ့လှ။ အဲဒီမှာ ပြဿနာတက်တော့သည်။
လူတစ်ချို့က ကျွန်တော့်ကို စကားများသူ၊ လေကြောရှည်သူ၊ တော်ရုံနှင့် လိုရင်းရောက်အောင် မပြောနိုင်သူ တစ်ယောက်ဟု မြင်ပါသည်။
××× ××× ××× ×××
ရုပ်ရှင်ကြည့်သည့်အခါတိုင်း လူဆိုးနေရာက သရုပ်ဆောင်သူ အများစုကို သတိထားကြည့်မိသည်။ ထို့အတူ ၎င်းတို့၏ ယေဘုယျ ဇာတ်ကောင်စရိုက်ကို လေ့လာကြည့်သည်။ ထိုအခါ ထူးခြားချက်အချို့ကို သတိပြုမိသည်။
ပထမအချက်မှာ လူဆိုးများသည် ဆုံးဖြတ်ချက် လျင်မြန်စွာ ချမှတ်နိုင်သည်ကို တွေ့ရသည်။ သူတို့ကို မစဉ်းစား မဆင်ခြင်ဘဲ ဂမူးရှူးထိုး ဆုံးဖြတ်ချက် ချမှတ်သူများဟု ပြောလျှင်လည်း ရပါသည်။ မည်သို့ပင်ဆိုစေ ကိစ္စရပ်တစ်ခုအပေါ် တုံ့ပြန်ရာတွင် တစ်ထိုင်တည်း စဉ်းစားဆုံးဖြတ်သည်က များသည်ကို တွေ့ရသည်။
ထို့အတူ လူဆိုးများသည် တစ်ဖက်လူက အကြောင်းပြချက် ပေးခြင်းကို လက်မခံတက်ပေ။ သူတို့ရှေ့တွင် စကားတစ်ခွန်းတောင် ဖြောင့်အောင် မပြောလိုက်ရပါဘဲ လက်စတုံးခံခဲ့ရသူ များစွာရှိသည်။ အဘယ်ကြောင့်ဆိုသော် သူတို့က စကားများသူများကို မကြိုက်။
ထို့ကြောင့် တစ်ခါတစ်ခါ စကားများသည်ကို မကြိုက်ပါဆိုသော သူများ တွေ့သည့်အခါ ရုပ်ရှင်ထဲမှ အဆိုပါ လူဆိုးများများကို ပြေးပြေး မြင်မိသည်။
××× ××× ××× ×××
လူဆိုးများနှင့် ပတ်သက်ပြီး တစ်ခုတော့ ထပ်ဖြည့်ဖို့ လိုမည် ထင်သည်။ အဘယ်ကြောင့် ဆိုသော ထိုအချက်သည်လည်း တွေ့ရတတ်သောကြောင့် ဖြစ်သည်။
များသောအားဖြင့် ဇာတ်လမ်းတစ်နေရာ၌ လူဆိုးသည် မင်းသားကို ဖမ်းဆီးနှိပ်စက်နိုင်သည့် အခွင့်အရေး ရလာတတ်ပါသည်။ ထိုအခါမျိုးတွင် လူဆိုးတိုင်းလိုလို သူတို့၏ နာကျည်းခံစားချက်များ၊ ကလဲ့စားဒေါသ သင့်ခဲ့သည်များကို အချိန်ယူ၍ သိုင်းဝိုင်းဖွဲ့ဆို ထုတ်ဖော် ပြောဆိုလေ့ ရှိကြပါသည်။ ထို့ကြောင့်ပင် မင်းသားတွေမှာ လွတ်မြောက်ဖို့အရေး အချိန်ကောင်းကောင်း ရသွားသည်ကို တွေ့ရပါသည်။
အကယ်၍သာ လူဆိုးတွေသည် ဇာတ်လမ်းအတော်များများတွင် မင်းသားကို ဖမ်းမိထားချိန်၌ သူတို့မျိုသိပ်ခံစား ရသမျှကို မပြီးနိုင် မစီးနိုင် လေကြောရှည်ပြီး ဖွင့်ဆိုရှင်းပြ မနေခဲ့ပါလျှင်၊ လုပ်စရာ ရှိသည်ကိုသာ မြန်မြန်ထက်ထက် လုပ်ဆောင်ခဲ့မည် ဆိုပါလျှင်။
ထို့ကြောင့် လူဆိုးများသည် သူတစ်ပါး စကားများ၊ စကားကြောရှည်လျှင် မကြိုက်သော်လည်း သူတို့၌ ပြောစရာ ရင်တွင်းခံစားချက်များ ရှိနေပြီး အခွင့်ရသည်နှင့် သိုင်းဝိုင်းဖွဲ့နွဲ့ပြီး အနိမ့်အမြင့် ရသပေါင်းစုံနှင့် ပြောတတ်ပြန်သည်ကို တွေ့ရပါသည်။
××× ××× ××× ×××
ကျွန်တော်သည်ပင် တစ်ခါတစ်လေ လူဆိုးဖြစ်ပါသည်။ ။
Comments
Post a Comment