(စာကလေးပေကလေး ရေးမလို့ အတွေးထိုင်ဖျာရင်း နင်ဟာ ငါရဲ့ လုံခြုံရေးကုတ်နံပါတ် … နင်ဟာ ငါ့ရဲ့ အိပ်မက်တိတ္ထံ စသည်ဖြင့် စဉ်းစားနေရာကနေ ၂၀၀၉ လောက်က ဂျာနယ်လစ်ဇင်သင်တန်းမှာ သင်တန်းဆင်းပွဲအတွက်ဆိုပြီး ရေးထားတဲ့ဟာကလေးကို ပြန်သတိရမိတယ်။ ကိုယ့်ဘာသာကိုယ်တော့ ပြဇာတ်လို့ နာမည်တပ်ပစ်လိုက်တာပဲ အဟဲ ဒါပေမယ့် သုံးတော့မသုံးဖြစ်လိုက်ပါဘူး။ အဓိကက အဲဒီနှစ်တွေတုန်းက သတင်းဖြစ်ရပ်တွေကို ပြောင်ရေးထားတာလောက်ပါပဲ။ ခုတော့ အတော်တော်များများက အတွေးအမြင်ပြောင်း၊ ရှုထောင့် ပြောင်းနေပါပြီ။ ဒါပေမယ့်လို့ ၂၀၀၉ - ၂၀၁၀ လောက် မုဒ်နဲ့ဖတ်ရင်တော့ ရယ်ရဦးမယ် ထင်ပါတယ်)
"တကယ်ပါကွာ" (တစ်ခန်းရပ်ပြဇာတ်)
လိုအပ်သောဇာတ်ကောင် - သုံးဦး (မိန်းကလေးတစ်ယောက် ၊ ယောက်ျားလေးနှစ်ယောက်)
ပစ္စည်းကိရိယာ - မိုက်စတန်းနှစ်ခု၊ ဝိုင်ယာလက်မိုက်တစ်ခု
နောက်ခံ - ကောင်မလေးတစ်ယောက်အား ရည်စားစကားပြောရန် ကောင်လေးတစ်ယောက်မှ ကြံစည် ။ မရဲ၍ သူငယ်ချင်းဖြစ်သူအား အကူအညီတောင်း။
အခင်းအကျင်း - ယောက်ျားလေးနှစ်ယောက် စတိတ်စင်ထောင့်၊ မိန်းကလေး စတိတ် အလယ်မကျတကျတွင် နေရာယူ။
ကောင်လေး (တွန့်တွန့်ဆုတ်ဆုတ်ဟန်ဖြင့်) - “ဟေ့ရောင် ဖြစ် ... ဖြစ်ပါ့မလား"
(သူငယ်ချင်းဖြစ်သူမှအားပေး) “ဖြစ်ပါတယ်ကွာ ... ရဲရဲသွားစမ်းပါ"
+ "ဟ ဖြစ် ... ဖြစ်ပါ့မလား"
“အော် ဖြစ်ပါတယ်ဆိုကွာ ... ဟေ့ကောင် ကောင်မလေးက မဲပေးချင်နေတာနော်၊ မင်း အချိန်မှီမှ မဲမဆွယ်နိုင်ရင် သူများနောက် ပါသွားမယ် ...”
+ "အာ ... ဟုတ်တယ်”
ကောင်လေး (တစ်လှမ်းနှစ်လှမ်းသွား၊ အနားရောက်ခါနီးမှ ပြန်လှည့်)
+ "ဟေ့ရောင် ဖြစ် ... ဖြစ်ပါ့မလားဟ"
“ဟာ ... ဒီကောင်၊ မင်းဘုန်းကြီးတွေ လမ်းလျှောက်တုန်းကတောင် ပါသေးတာပဲ၊ ခုမှ ဘာကြောက်နေတာလဲ၊ သွား အော် သွားပါဆို .... သွား ...”
(မဝံ့မရဲဖြစ်နေသောလူငယ်အား မိန်းကလေးနား အတင်းတွန်းလွှတ်)
ကောင်လေး (တုန်ချိတုန်ချိ ဒယိမ်းဒယိုင်ဖြင့် ကောင်မလေးနားရောက်သွား)
(သူငယ်ချင်း နောက်မှပြော) (အော် ငါ့ကောင်နှယ် မြန်မာပြည်ကွန်နက်ရှင် ကျနေတာပဲ လေးတိလေးကန်နဲ့)
ကောင်လေး (အိုဗာ မျက်နှာချိုသွေး) - “အဟဲ အဟဲ ... နေကန်းတယ်နော် ... အဲလေ နေကောင်းတယ်နော် ... အဟီး ...”
- “နေကောင်းလို့ ဒီမှာ ရပ်နေတာပေါ့ မမြင်ဘူးလား ...”
+ “အဟဲ ... ဟုတ်သားပဲ ...” ( ခေါင်းကုတ် )
+ "ဟို ... ဟို စကားလေး နည်းနည်းလောက်ပြောချင်လို့ ..."
- “ဘာလဲ (လေသံမာမာ) ရည်းစားစကားဆိုရင်တော့ ဆော်ရီးပဲ ...”
+ " အာ ခက်ပြီ ...” (ခေါင်းကုတ်)
ကောင်မလေး (ခေါင်းကုတ်နေပုံကို ကြည့်ပြီး နှာခေါင်းရှုံ့)
ကောင်လေး (သူငယ်ချင်းဖြစ်သူကို လှည့်ကြည့်)
သူငယ်ချင်း (ပြော ပြော ပုံစံဖြင့် အားပေး)
{ဤအတိုင်း နှစ်ခေါက်ခန့်}
ကောင်မလေး (တစ်ဖက်လှည့် ရယ်)
ကောင်လေး ( စိတ်ဒုန်းဒုန်းချလိုက်ဟန်ဖြင့်)
+ “အို ပြောမယ်ကွာ ... တကယ်ပါ အချစ်ရယ် ... ကိုယ်လေ မင်းကို မြင်မြင်ချင်းပဲ ... ဟို ဟို ငါးထောင်တန်လေး ကိုင်လိုက်ရသလို ခံစားမှု အသစ်ကျပ်ချွတ်လေး ဖြစ်သွားတယ်ကွာ ... ။ ဟို ဟို အဲဒါ မင်းကို ချစ်နေမိပြီ ထင်ပါရဲ့"
- “ဟွန့် ဒါဆို ရှင့်အချစ်က အရောင်မွဲတဲတဲကြီး နေမှာပေါ့”
+ "အာ အဲလိုမဟုတ်ရပါဘူးကွာ .... ကိုယ့်အချစ်က မကြာခဏ ရိုက်ရိုက်ထုတ်နေတဲ့ တစ်ထောင်တန်အသေး လေးတွေထက်တောင် ဖွေးပါသေးတယ် ။ ယုံနော် ...”
- “ဟင့်အင်း မယုံပါဘူး ... ။ ရှင်က ခုငါးထောင် တော်ကြာတစ်ထောင်နဲ့ အပြောင်းအလဲမြန်မယ့်ပုံ”
ကောင်မလေး (အနည်းငယ်မူဟန်)
+ “အို ... မဟုတ်ရပါဘူး အချစ်ရယ် ။ ကိုယ်ပြောနေတာတွေက ရွေးကောက်ပွဲလုပ်နေတာ မဟုတ်ပါဘူး ။ အဟဲ ဟို ... တကယ်ပါ မုသားမပါပါဘူး ။ ကိုယ်က ကိုယ့်စကားကို ဟိုအရက်ချက်စက်ရုံ အာမခံထားသလို ခဏလေးနဲ့ မီးတင်ရှို့ပစ်လိုက်မယ့် လူစားမျိုး မဟုတ်ပါဘူးကွာ"
+ "တကယ်ပါ အချစ်ရယ် ... မင်း ကိုယ့်အချစ်ကို မလေးရှားအေဂျင်စီတွေထက် ယုံကြည်လို့ရပါတယ်"
- “တော်ပါ ရုပ်ကိုက စင်္ကာပူပွဲစားရုပ်နဲ့များ ..."
+ "တကယ်ပါ အချစ်ရယ် ... မင်းကိုချစ်တဲ့ကိုယ့်အချစ်ဟာ ... ဒီသင်တန်းပြီးလို့ ... ချင်းမိုင်ကိုပဲ စကောလားရှစ် ရချင်ရ ... သည်ဗွိုက်ကပဲ ဖရီးလန့်စ် ခန့်ခန့် … ဒီ အီးဂရက်မှာပဲ အလုပ်ပြန်ရရ ဘယ်တော့မှ ပြောင်း(လဲ)မှာ မဟုတ်ပါဘူး”
ကောင်မလေး (မကြားချင်ဟန် နားပိတ်ထား)
+ “မင်းအချစ်ကိုသာ ရမယ်ဆိုရင် အင်းလျားကန်ကို 'ယက်တော'ထက် နှစ်ပြန်လောက်ကူးဆိုလည်း ကူးနိုင်ပါတယ်။ ဖျာပုံမှာ တစ်နှစ်လောက်နေဆိုလည်း နေရဲပါတယ်ကွာ”
ကောင်မလေး (ရယ်ချင်စိတ်ကို ချုပ်တီးထားပုံ)
+ “တကယ်ပါကွာ အသက်အစိတ်ဆိုရင် ... ဟို အသက်အစိတ်ဆိုရင် ဟိုဒင်း ဟိုဒင်း ..."
ကောင်လေး (ထစ်ငေါ့သွား။ ရုတ်တရက် စကားမဆက်နိုင်)
ကောင်မလေး (စိတ်ဆိုးမည့်ဟန် ခပ်မာမာလေသံဖြင့်) - “ဟွန်း အသက်အစိတ်ဆိုရင် ဘာဖြစ်လဲ"
+ “အော် ဟိုဟာလေ အသက်အစိတ်ဆိုရင် အမတ်လောင်းတောင် လုပ်လို့ရပြီပဲဟာ၊ တို့တွေ ဒီအရွယ်နဲ့ဆို ချစ်လို့တော့ရပါပြီကွာ ဟုတ်ဖူးလား ... ဟဲ ဟဲ"
ကောင်မလေး (ကျေနပ်သွားဟန်ရှိသော်လည်း ဖုံးဖုံးဖိဖိဖြင့်) - “တော်ပါ၊ ပြောတဲ့လေသံက ရွေးကောက်ပွဲလုပ်တာနဲ့ ကျိန်းသေ သမ္မတဖြစ်မယ့်ပုံနဲ့ ... ဟွန့်"
+ "အော် ပြောရက်လိုက်တာကွာ၊ ဒီလူ့ရင်ခွင်က အန္တရာယ်ရှိအဆောက်အအုံ မဟုတ်ပါဘူးကွယ် ...”
+ “ဟူး ... (သက်ပြင်းမောချသံ) အချစ်ကိုကန့်သတ်ထားတာက ၁၅၀၀ မို့လို့နော် ... နောက်မို့ဆို သိန်းတစ်ရာလား သိန်းနှစ်ရာလား ပုံအောပစ်လိုက်တယ် သိလား ...”
ကောင်မလေး (မထီတရီ ရယ်သံ) – "ဟာ ဟ"
+ “တကယ်ပါကွာ၊ ကိုယ်ဟာ မင်းအနား CDMA အထိုင်ဖုန်းလို မပြောင်းမလဲ အတူရှိနေချင်တာ ... ယုံကြည်လို့ ရပါတယ် ...”
+ “ရင်ထဲမှာ မင်းကို ခံစားမိသမျှ အပြင်မှာ ပါတီထောင်လိုက်မယ်ဆိုရင် ... မင့်ကို ချစ်တာက တစ်ပါတီ ... မြတ်နိုးတာက တစ်ပါတီ ... ကြင်နာတာက တစ်ပါတီ ... အိုး ပါတီတွေ ပါတီတွေ ...”
ကောင်လေး (လက်နှစ်ဖက်ကို ဆန့်တန်း ၊ မျက်စိထဲမြင်ယောင်လာပုံ)
ကောင်မလေး (သရော်သံဖြင့်) - “ဟွန့် အလကား၊ ချာပါတီ ချာပါတီ”
+ "အော် အချစ်ရယ် ... မင်း ကိုယ့်အချစ်ကို မယုံကြည်နိုင်သေးဘူးပေါ့ ။ ဟူး ခက်တယ် ခက်တယ်။ ကွန်စတီကျူးရှင်းမှာတောင် ရဲဘော်တစ်မတ်သား ပါသေးတာပဲကွာ။ မင်းရင်ထဲမှာလည်း ကိုယ့်ကို တစ်ပဲသားလောက်ဖြစ်ဖြစ် လက်ခံပေးလို့ မရဘူးလား ဟင် ...”
- “ဟွန့် ဘာဆိုင်လို့လဲ”
+ "ဟင်း ခက်ပြီ၊ သိပ်ဆိုင်တာပေါ့ အချစ်ရယ်၊ ကိုယ့်အပေါ် မင်းရဲ့ဆန်ရှင်တွေကို အမြန်ဆုံး ရပ်တန့်ပေးပါတော့လားကွာ။ ဒါ နှစ်ဦးနှစ်ဖက်အကျိုးအတွက် ပြောတာပါ”
- “အောင်မာ"
+ "တကယ်ပါ အချစ်ရယ် ... ကမ္ဘာကြီးမှာ ဂလိုဘယ်လိုက်ဇေးရှင်းဟာ သတ်ဝေ့ဖ် ရောက်နေပေမဲ့ ကိုယ့်ဘဝမှာ မင်းကို ချစ်မိတဲ့အချစ်က ဖတ်စ်ဝေ့ပါ"
- “တော်ပါ၊ ဒီစကားတွေ ၂၀၁၀ ကျမှ သွားသုံး”
+ "အော် ပြောရက်လိုက်တာ အချစ်ရယ်၊ မင်းစကားတွေက နာဂစ်လိုပါပဲလား။ ရပါတယ် ရပါတယ်။ ကိုယ်ဟာ ဆောက်သမ်းမြန်မာလို ပွဲတိုင်းရှုံးပေမယ့်လည်း စိတ်ဓာတ်မကျပါဘူး။ ယုံကြည်နေချင်လို့ပါ အချစ်ရယ်။ ဗိုလ်ချုပ်သိန်းစိန်တောင် အမေရိကန်ဗီဇာ ရသေးတာပဲဟာကို လို့ ...”
ကောင်လေး (စဉ်းစားဟန်ဖြင့်) (အော် မိန်းမတစ်ယောက်ကို စကားပြောရတာလည်း မလွယ်ပါလားနော် ... ငါ့နှယ် ဦးအောင်ကြည်ဆီက သွားသင်ရမလို ဖြစ်နေပါလား၊ ဟူး သူ့ပြောမယ့်အစား ရွေးကောက်ပွဲမှာပဲ အမတ်လောင်း ဝင်ပြိုင်လိုက်ချင်တော့တယ်)
ကောင်မလေး (သရော်တော်တော် မျက်နှာပေးဖြင့်) - “ဟား ဟား ဟား VOA , BBC (ရန်တိုက်ပေးနေသည်) RFA , DVB (သွေးထိုးနေသည်) (ခလောက်ဆန် အကောက်ကြံ) လေလှိုင်းသံများ နားမယောင်လေနဲ့ သတိထား ...အဟား ဟား ဟား"
ကောင်လေး (မျက်နှာငယ်လေးဖြင့်) “တည်ငြိမ်အေးချမ်းမှုကို လိုလားသည်”
(ပြီတီတီလုပ်၍ လှည့်ပတ်ဆို) “ဖွံ့ဖြိုးတိုးတတ်မှုကို လိုလားသည်"
ကောင်မလေး (မလိုလားဟန်။ ပါးရိုက်မည်ဆိုသော အမူအရာပြ)
ကောင်လေး (ကြောက်လန့်ဟန်ဖြင့်) - “အား ... ဆူပူအကြမ်းဖက်မှုကို မလိုလား”
ပြီး၏။ ။

Comments
Post a Comment